ဘယ်လိုလူတွေမှာ လိင်တံကင်ဆာ ဖြစ်နိုင်သလဲ
လိင်တံကင်ဆာဆိုတာ တကယ်တော့ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် အခုခေတ်ကာလမှာ လိင်ဆက်ဆံဖော်များလာကြတာ၊ လိင်ကိစ္စကို ပွင့်လင်းလွတ်လပ်စွာ အတားအဆီးမရှိ လုပ်လာကြတာနဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် လိင်တံကင်ဆာ ဖြစ်နှုန်းဟာလည်း အရင်ကထက် များလာပါတယ်။
ဘယ်လိုလူတွေမှာ ဖြစ်သလဲ?
လိင်တံကင်ဆာ ဆိုတဲ့အတွက် အမျိုးသားတွေမှာပဲ ဖြစ်ပါတယ်။
- အဖြစ်အများဆုံးကတော့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ human papilloma virus (HPV) ကြောင့်ပါ။ လိင်တံကင်ဆာ ဖြစ်တဲ့သူ ၁၀ ယောက်မှာ ၆ ယောက်ခန့်က HPV ကြောင့် ဖြစ်တာပါ။ HPV ဟာ လိင်ဆက်ဆံခြင်းမှ အဓိက ကူးစက်နိုင်ပါတယ်။
- ဆေးလိပ်သောက်တာကလည်း လိင်တံကင်ဆာ အပါအဝင် ကင်ဆာရောဂါ အတော်များများကို ဖြစ်စေပါတယ်။
- အသက် ၆၀ ကျော်တဲ့ အမျိုးသားတွေ၊ ကိုယ်ခံအားမကောင်းလို့ ရောဂါပိုး မကြာခဏ ဝင်တဲ့သူတွေ၊ လိင်တံထိပ် အရေပြားက ရှည်နေပြီး နောက်ပြန်ဆွဲလို့ မရတဲ့သူတွေမှာ လိင်တံကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။
လိင်တံကင်ဆာ အမျိုးမျိုးရှိပါတယ်။
- Squamous Cell Penile Cancer က အဖြစ်အများဆုံး ဖြစ်ပြီး လိင်တံထိပ် အရေပြားကနေ စဖြစ်တာပါ။
- Adenocarcinoma ကတော့ ချွေးထွက်စေတဲ့ Glandular Cells တွေမှာ ဖြစ်တာပါ။
- carcinoma in Situ (CIS) ဆိုတာက လိင်တံအရေပြားမှာပဲ သီးသန့်ဖြစ်ပြီး အောက်ထက်ကို ပျံ့သွားခြင်း မရှိပါဘူး။
- Melanoma ကတော့ လိင်တံအရေပြားရဲ့ ရောင်ခြယ်ပစ္စည်းတွေ ထုတ်ပေးတဲ့ အပိုင်းမှာ ဖြစ်တဲ့ ကင်ဆာပါ။
ရောဂါလက္ခဏာအနေနဲ့…
- လိင်တံမှာ ဖြစ်တဲ့ အဖုအကျိတ်၊ အနာက ၄ ပတ်ကျော်တဲ့ထိ အနာမကျက်တာ
- သွေးထွက်လာတာ
- အနံ့နံတဲ့ အရည်တွေ ထွက်လာတာ
- အရောင်ပြောင်းလာတာ
- အနီစက်တွေ ပေါ်လာတာ
- လိင်တံထိပ် အရေပြားကို နောက်ပြန်ဆွဲလို့ မရတော့တာမျိုးတွေ ဖြစ်လာရင် သတိထားရပါမယ်။
လိင်တံကင်ဆာမှန်း သေချာဖို့ဆိုရင် အသားစယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ လိုပါမယ်။ ရောဂါကို စောစောသိပြီး အချိန်မီ ကုသမှုခံယူရင် ပျောက်ကင်းနိုင်ပါတယ်။
ဘယ်လို ကုသမလဲ?
ဖြစ်တဲ့ အမျိုးအစားနဲ့ ပျံ့နှံ့မှု ပမာဏပေါ်မူတည်ပြီး ကုသလေ့ရှိပါတယ်။
- ခွဲစိတ်ကုသတာ
- ဓာတ်ရောင်ခြည် ပေးတာ
- ကင်ဆာဆေးသွင်းတာ စသဖြင့် လိုအပ်သလို ပေါင်းစပ် ကုသပါတယ်။
တချို့လူနာတွေမှာ ခွဲစိတ်ပြီးနောက် ဖြတ်ထုတ်လိုက်ရတဲ့ အရေပြားနဲ့ ကြွက်သားတွေကို ခန္ဓာကိုယ်ရဲ့ တခြားနေရာကနေ ပြန်ယူပြီး အစားထိုးတည်ဆောက်တာမျိုးလည်း လုပ်ကြပါတယ်။
လိင်တံကင်ဆာ မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ?
၁၀၀ ရာခိုင်နှုန်း အပြည့်တော့ ကာကွယ်လို့ မရပေမယ့်…
- လိင်ကြောင့်ကူးစက်တဲ့ ရောဂါတွေနဲ့ HPV မဖြစ်အောင် ကွန်ဒုံးသုံးတာ
- ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောဂါပိုးတွေ ကပ်တွယ်မနေအောင် သန့်ရှင်းရေး ပုံမှန်လုပ်တာ (လိင်တံထိပ် အရေပြားကို ဖြတ်ထားတာက ရောဂါပိုးတွေ ခိုအောင်းမနေအောင် ကာပွယ်ပေးပါတယ်)
- ဆေးလိပ်ဖြတ်တာတွေက လိင်တံကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးမှာပါ။
ဟက်ပီးရဲ့အမျိုးသားထုကြီးလည်း လိင်ကြောင့်ကူးစက်တဲ့ ရောဂါတွေနဲ့ လိင်တံကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်